မလေးမေ

လူထုဒေါ်အမာ ရဲ့  မြေးငယ် မီးငယ်က အကိုအမ များသို့ ပန်ကြားခြင်း ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ 
သူ့ ဘလော့လေးက တောင်းဆိုထား ပါတယ်..
http://june3pooh.blogspot.com/2008/04/blog-post_09.html
အဲဒီတော့ ကျမရေးတဲ့ ဒီ Post လေးဟာ ‘မီးငယ်’ အတွက်ရော .. ကျမလေးစားတဲ့ ‘လူထု မိသားစု ‘အတွက်
ရော ရည်ရွယ်ပါတယ် …
----------------------------------------------------------------------------------------------------------------
ကျမဘ၀ မှာ ပထမ ဆုံးဖတ်ဘူးတဲ့ စာအမျိုးအစားဟာ ပုံပြင်ပါ … အမေက ပုံပြင်စာအုပ်တွေ ကြုံရင်ကြုံသလို ၀ယ်ပေးပါတယ် ..
ဝတ္တုဖတ် တာလဲ မကြိုက်ပါဘူး .. အမေ ၀ယ်ပေးတဲ့ ပုံပြင်စာအုပ်တွေ ထဲမှာ လူထုဦးလှ
ရဲ့ ’ကျောင်းကန်အနီးမှ မြန်မာ့ပုံပြင်များ’ ဆိုတဲ့ စာအုပ်လေး တအုပ်ပါဝင်ပါတယ် …
မြန်မာ့ရိုးရာ ပုံပြင်စစ်စစ် တွေပါ ..
နောက်တခါ ဦးလေးတယောက်က အိမ်ပြောင်းရွေ့ ရတော့ သူ့ ရဲ့ စာအုပ် သေတ္တာတွေကို ကျမတို့
အိမ်ကို ခဏပို့ ထားပါတယ်.. ကလေးပီပီ စပ်စုတဲ့စိတ်နဲ့ အပေါ်ဆုံးက သေတ္တာကို ဖွင့်မိတော့
ကျမတွေ့ တာ လူထုဦးလှတဲ့ တိုင်းရင်းသားရိုးရာ ပုံပြင်စာအုပ်တွေပါ ..မှတ်မှတ်ရရ
“ ချင်းရိုးရာပုံပြင်များ “ “ကချင်ရိုးရာ ပုံပြင်များ” ၂ အုပ်ကိုတွေ့ လို့ ဖတ်ဖြစ်ပါတယ်..
တခေါက်ပြန်ပြီး သေတ္တာထဲ ပြန်ထည့် ..နောက်တော့ဦးလေးလဲ စာအုပ်သေတ္တာတွေ
လာပြန်ယူသွား ပါတယ်.. နောက်တခါ အဲဒီစာအုပ် သေတ္တာကြီးကို ရော စာအုပ်တွေကိုရော
ကျမ မတွေ့ ထပ် တော့ပါဘူး ..





( အခန့် သင့်လို့ စာအုပ်ဆိုင်ရောက်ရင် လူထုဦးလှရဲ့  တိုင်းရင်းသားရိုးရာ ပုံပြင်စာအုပ်တွေ ကို ပြန်များ ထုတ်ဝေ မလားရယ်လို့ လိုက်ကြည့်ပါတယ်.. ကျမနဲ့ ပဲမတိုက်ဆိုင်လို့ လား မသိပါဘူး ..
မတွေ့ ပါဘူး ..
စီးပွားရေးအရ မအောင်မြင်လို့ ပဲလား အခြားအကြောင်းကြောင့်ပဲလား မသိ … တကယ်တော့ ..
ယနေ့ မြန်မာ ကလေး တွေရဲ့ အိပ်ရာဝင်ပုံပြင် အများစုဟာ
ကမ္ဘာကျော် ဂရင်းညီနောင် ပုံပြင်တွေပဲ ဖြစ်ပါတယ်.
မြန်မာ ပုံပြင် အခန်း ဟာ တဖြည်းဖြည်း နဲ့ ကို မှေးမှိန်လာတယ်လို့ ခံစားရလို့ လူထုဦးလှရဲ့ ပုံပြင်
စာအုပ်ပြန် ပေါ်အလာကို မျှော်နေမိတယ်..
လူထုဦးလှရဲ့ မြန်မာတိုင်းရင်းသား ပုံပြင်တွေဟာ ကျမတို့ အတွက် လက်ဆင့်ကမ်းအပ်တဲ့ မျိုးဆက်
အမွေထဲမှာ ပါပါတယ် လို့ ကျမ ယုံကြည့်မိတာကိုး)
နောက် ကျမ အထက်တန်း ကိုရောက်လာတဲ့အခါ ပန်းချီဝါသနာ ပါတော့ အဖေက ပန်းချီစာအုပ်
၂အုပ် မြို့ ထဲက ၀ယ်လာပေးတယ်..တအုပ်က ‘ဦးခင်မောင် (ဘဏ်)’ အကြောင်း ..
နောက်တအုပ်က တော့ ‘လူထုဒေါ်အမာ’ ရဲ့ ’ မြန်မာ့ရိုးရာ ခေတ်သစ်ပန်းချီ ‘ တဲ့ ..
အဲဒီ ၂အုပ် အနက်မှာ ကျမ စွဲစွဲမြဲမြဲ ဖတ်မိတာ “ လူထု ဒေါ်အမာ” ရဲ့  “ မြန်မာ့ ရိုးရာ ခေတ်သစ်ပန်းချီ “ စာအုပ်ပါ ..
( အဲဒီ စာအုပ်ကို ဖွင့်ဖတ်တဲ့ အချိန်ဟာ ကျမ ဘ၀ရဲ့ စာမျက်နှာ သစ်တခုကို ဖွင့်လိုက်မိတယ်
ဆိုတာ အဲဒီတုန်းက မသိသေးဘူး ..
အဲဒီ အကြောင်း နောက်မှ ဆက်ရေးပြချင်သေးတယ် )
ရုတ်တရက် ကြည့်ရင်တော့ ပန်းချီအကြောင်း စာတမ်းတစောင် လိုလို ..
ဒါပေမယ့် တကယ်တန်းကျတော့ လူထုဒေါ်အမာ က သူ သိတဲ့ပန်းချီ ဆရာတွေအကြောင်း ..
ကိုယ့်ရှေ မှာထိုင်ပြီ့း ပြောပြသလို ပြောပြသွားတာ ..
စကား ပြောဆန်တယ် ပြောရမလား ..
ပုံပြော ဆန်တယ် ပြောရမလား …
အဲဒါ ကျမ စွဲတဲ့ အမေလူထု ရဲ့ အရေးအသား ပါ..

စာအုပ် ထဲပါတဲ့ အကြောင်း အရာ လူတယောက် အကြောင်းကို ဖတ်ပြီးရင် အဲဒီလူနဲ့ ကျမ ရင်းနှီး
ပြီးတော့ကို သွားတယ်..
သူ့ အရေးအသားက ဂရုဏာ အမြဲပါတယ် .. ချစ်တဲ့ စိတ်နဲ့ ဖွဲ့ တယ် ..
ခရီးသွား မှတ်တမ်း ဖြစ်ပစေဦး .. ကျမ အဖို့ မငြီးဘူး … သုတေသန စာတမ်းလို ..
မှတ်တမ်း လိုလို ရေးထားရင် တောင် မှ ပျင်းချင် ပျင်းလာဦးမယ် ..
“ ချင်းတွင်း မှ ပင်လယ် ဆီသို့ ” ဆို တဲ့စာအုပ် ထဲကျတော့
ချင်းတွင်း မြစ်ကို အမေ့ မိတ်ဆွေ တွေနဲ့ အတူ .. မော်တော်နဲ့ ဆုန်ဆင်းတာ .. အညာသူ
အမေက မြိတ်ကို အလည်သွားတာ …
စာအုပ်လည်းပြီးရော ..ချင်းတွင်းမြစ်ကိုရော မြိတ်မြို့ က ပင်လယ်ကိုရော
ကျမ မမြင်ဘူး မရောက်ဘူးပေမယ့် ရင်းနှီးရပါလေရော ..
လူထုဒေါ်အမာ ရေးတဲ့ စာမှာ မာန်မာန မပါဘူး … ချစ်တဲ့ စိတ်နဲ့  ရေးတယ် ..
သူချစ်တာ ကျမတို့ လူထု တရပ်လုံးကို ..
မနှစ်က စက်တင်ဘာ လကိုရောက်တော့ ..လူထု ဘက်က ရပ်တည်တဲ့ စာရေးသူ
စာရင်းမှာ လူထုဒေါ်အမာ နာမယ်က ထိပ်ဆုံးက နေတယ် ..
Blog တွေ အဆက်မပြတ် ပါလာတဲ့ အင်တာဗျုးတွေ .. စာတွေ တွေ့ တော့
ကျမ ကြက်သီးထ ရတယ် ..
ဒါပေမယ့် လူထုဒေါ်အမာကို စာရေးသား ထုတ်ဝေခွင့် ပိတ်ပင်ကြောင်း ကြားရ ပြီးသိပ်
မကြာခင် DVB မှာ လက်တွန်းလှည်း လေး ပေါ်က “ လူပိုတွေ မဖြစ်ပါရစေ နဲ့ ”
လို့ ပြောတဲ့ အမေလူထု ကိုကြည့်ပြီး
ကျမ ရင်ထဲ ဆို့ နင့်မိတယ် ..
စိတ်လဲ ပူမိတယ်.. စိတ်ထောင်းရင် ကိုယ်ကြေသတဲ့ ..
ကျမ ချစ်တဲ့ စာရေး ဆရာတွေ အသက်ရှည်စေ ချင်တယ် ..

သို့ သော်လည်း ကျမ ဆုတောင်း မပြည့်ပြန်ဘူး …
အမေလူထု ဇာပန မှာ လူလေးထောင်ကျော် လိုက်ပို့ တယ်ဆို တော့ အံ့သြ ရတယ်.. ၀မ်းလဲသာ မိတယ်..
‘လူထုဒေါ်အမာ ဟာ သူ့ ရဲ့ နောက်ဆုံးအချိန် နောက်ဆုံးခရီး အထိကိုပဲ လူထုဘက်က အမြဲ ရှိကြောင်း
လူထုနဲ့ အတူ အမြဲရှိကြောင်း
‘ဒေါ်အမာ’ ဆိုတဲ့ မိန်းမသား တယောက်ရဲ့ နာမယ်မှာ ‘လူထ’ု ဆိုတဲ့ စာတလုံး ကပ်လျက်ပါနေတာ
ဘာကြောင့်လဲ ဆိုတာကို အမေက စာတလုံးမှ မရေးပဲ အားလုံးကို ပြောပြခဲ့တာ ..’

ချစ်သူလေး

( လူထုဒေါ်အမာရဲ့ မြန်မာ့ ရိုးရာ ခေတ်သစ်ပန်းချီ စာအုပ် အကြောင်းနဲ့ ပတ်သတ်ပြီး ကျမ ဘ၀ရဲ့ စာမျက်နှာ
အသစ်လို့ ရေးခဲ့တယ်.. အကြောင်းအရာ တွေရှုပ်သွား မှာဆိုးလို့ အဲဒီမှာတော့ ရှင်းမပြခဲ့ဘူး ..
အဲဒီစာအုပ်လေး လက်ဝယ်ရပြီး မကြာခင်မှာပဲ ကျမ ရန်ကုန်ပန်းချီပန်းပုကျောင်းကို ပန်းချီကျောင်းသား
အနေနဲ့ လျောက်တော့ အင်တာဗျုးဖြေရတယ်.. ပန်းချီဗဟုသုတ အနေနဲ့ မေးတော့ .. တဖွဲ့ တနွဲ့ ဖြေ နိုင်
ခဲ့တာ လူထုဒေါ်အမာရဲ့ ကျေးဇူး ..
နောက်တခုက . လူထုမိသားစုလို့ ခေါင်းစဉ်တပ် ထားပြီးတော့ .. ‘ဟင်.. လူထုဦးလှရယ်.. လူထုဒေါ်အမာရယ်ပဲ
ပါသလား ‘ လို့  .. ပြောကြမှာပဲ ..
ဒါပေမယ့် .. ကျမ နဲ့ မန္တလေး ဘယ်လိုများ ရေစက်ဆုံတယ် မသိဘူး ..
ကျမ စွဲတဲ့ ၀တ္တုတို ဆရာ တွေက
မန္တလေးကချည်းပဲ .. ၀တ္တုတို နဲ့ ဝတ္တုရှည် ဘယ်ဟာ က စာရေးဆရာအတွက်
ဝင်ငွေကောင်းသလဲ မသိပေ မယ့်..
စာအုပ်ကောင်းတာ ချင်းတူတယ် ဆို ၀တ္တုတို စာအုပ်ပဲ ကျမ ၀ယ်မိတယ်..
အဲဒီ လိုဝယ်မိတဲ့ ထဲမှာ ဆရာ ညီပုလေးရဲ့ စာအုပ်တွေလဲပါတယ်…
ဝက်ဝံ ကလေး လွင်မိုး အကြောင်းကို စာအုပ် ၂အုပ်ထဲတောင် ပါတော့
အပြင်မှာရော တကယ်ရှိခဲ့တဲ့ အကြောင်းလေလား လို့ ကျမတွေးပြီး စိတ်မကောင်းပြန်ဘူး
ဒါပေမယ့် ကျမ မသိခဲ့ဘူး လူထုဒေါ်အမာရဲ့  သားမှန်း … )


မလေးမေ



ဟုတ်ကဲ့  .. အထက်ပါ ပုံမှာ ကမ္ဘာကျော် ပုဂ္ဂိုလ်များရဲ့ ပုံများကို စုစည်းရေးဆွဲထားပါတယ်..
အဟမ်း.. အဟမ်း.. အဲဒီမှာ .. မြန်မာပြည်က အာနာရှင် ပုဂ္ဂိုလ်ကြီးရဲ့ ပုံလဲပါ ပါပါတယ်
(ဘာကြောင့်ပါ လဲတော့မသိပါ )
ဘယ်သူရေးဆွဲမှန်းလဲ မသိပါဘူး .. သို့ သော်လည်း ..
ရှာကြည့်ပါဦး ..

(ပုံက သေးနေပါတယ်.. ပုံပေါ်မှာ click လေး တချက် နှိပ်ပြီးကြည့်ပါ)
မလေးမေ
' အနှစ် ၂၀ ဓာတ်ပြားဟောင်း '

ခါင်းညိတ်စမ်း ပါ
တယောက်ယောက်ဟာ
တခုခုကိုကိုးကွယ်ရတယ်
မေတ္တာကိုယုံရင်
ဘ၀ဟာ ခုံမင်စရာ
သစ္စာကိုယုံရင်
ဘ၀ဟာလုံခြုံတဲ့နေရာ
သည်ခရီး
မနီးဘူးဆိုလဲ
ဝေးချင်သလောက်ပဲဝေးပါစေ
ခေတ္တညရေ
အရူးထမနေနဲ့ နဲ့ 
သွားကြစို့ ရဲ့ 
သောကကင်းမဲ့ရက်တွေဆီတဲ့

မလေးမေ
'လွမ်းတတ်တယ် '

ငိုမလိုမျက်နှာထားနဲ့ 
ပြောစမ်းပါအမိ
ကျုပ်ချစ်မိလို့ လား

ဟုတ်တာပေါ့ကွယ်
ကျုပ်စာနာတယ်လေ
ဈေးသည်မှမဟုတ်တာ
ဝယ်တိုင်းေ၇ာင်းရမှာလား

မပူပါနဲ့ ဗျာ
ကြည်ကြည်သာသာပေါ့
ကျုပ်ကြားဖူးပါတယ်
ဘေစ့်ချင်းတူမှ
ပါဝါချင်းပေါင်းလို့ ရတယ်တဲ့

ခင်များကကညာတပါး
ကျုပ်ကဘ၀သမား
လားလားမှမအပ်စပ်
မိုးနဲ့ မြေ
ကံခေလို့ နမ်းမိတယ်ထားဦး
ဒီဇာတ်ကိုမတည်းဖြတ်ရဲပါဘူး
ကျုပ်လဲလွမ်းတတ်တယ်

မိကောက် (ဆေး-၂ )
ခပ်ညံ့ညံ့ကဗျာများ စာအုပ်မှ -

ကျမ ဘလော့လေးမှာ ကျမရေးတဲ့ ကဗျာတွေ မတင်ခင်မှာ ကျမချစ်တဲ့ ကဗျာလေးတွေ အရင်တင်ချင်ပါတယ် ..
လောလောဆယ် ကျမချစ်တဲ့ မိကောက်ရဲ့  ကဗျာတွေပေါ့
မလေးမေ

ကျမတွင်သူငယ်ချင်းတယောက် ရှိပါသည် .. သူဧ။်နာမည်မှာ …
(သို့ သည်းမဟုတ်)
မ..ဘယ်သူ ..မောင်ဘယ်ဝါမှာ .. ကျမဧ။် သူငယ်ချင်းတယောက်ဖြစ်ပါသည် …..
(ဒါမှမဟုတ်)
ကျမရေးချင်သော အကြောင်းမှာ .. သူငယ်ချင်း .. ဘယ်သူဘယ်ဝါ …….
----------------------------------------
ကျမတွင် သူငယ်ချင်းများစွာရှိပါတယ် ..ငယ်စဉ်အရွယ် က ငါ့မှာသူငယ်ချင်း နည်းလိုက်တာ ဟု ၀မ်းနည်း အားငယ်ခဲ့ဘူးတာ အခုကြတော့ ရီစရာအဖြစ် အနေနှင့် ပြောစမှတ် ဖြစ်ပြန်သည် ..
ရင်ဘတ်နှင့်ပေါင်းသော သူငယ်ချင်း .. ဦးနှောက်နှင့်ပေါင်းသော သူငယ်ချင်း .. ဘယ်လို အမျိုးအစားကို ဘယ်ကဲ့သို့ ခွဲရ မည် မသိသော်လည်း .. သူငယ်ချင်းတွေကို ကျမချစ်သည် ..
သူငယ်ချင်းတွေအကြောင်း ရေးပြရမှာ ..ပြောရမှာလည်း ကျမ ချစ်သည် ..
သို့ သော် … ဘယ်လို presentation လုပ်ရမယ်မသိ ……
ကျမရေးသော စာပုဒ်မှာ .. မူလတန်းကျောင်း အတ်ဆေးလိုဖြစ်ချင်ဖြစ်နေမည် … အဆက်အစပ် ကင်းချင်ကင်းနေမည် .. ပြုံးချင်စရာဖြစ်ချင် ဖြစ်မည် .. နားလည်ချင်မှလည်း လည်ကြမည်..
သို့ သော်.. ကျမ ချစ်သော သူငယ်ချင်းအကြောင်းကို ချစ်ခင်စွာရေးပြခြင်းဖြစ်ကြောင်း ရှေးဦးစွာဝန်ခံပါမည် ..

တီရှပ် အကျီအနွမ်း ..ဖိနပ်အနွမ်း ..လွယ်အိတ်အနွမ်းနှင့် ..
ရှိသမျှပိုက်ဆံ အကြွေများကို ဘောင်းဘီအိပ်ထဲ လိပ်ထည့် တတ်သူမှာ ကျမသူငယ်ချင်းဖြစ်ပါသည် …
စကားမစပ် .. သူ့ ဂျင်းဘောင်းဘီသည် ဟောင်းနွမ်းပြီး
ပန်းချီဆေးများပေကျံနေ မှသာ .. 'သြော် …… သူကိုး' ဟု ..ယုံကြည်နိုင်ပါသည် ..

ကျမသူငယ်ချင်းတွင် ဆိုက်ကားသမား အစ … ခပ်ပျက်ပျက် မိန်းမများအလည် .. နာမယ်ကျော် တေးရေးဆရာ များအဆုံး .. အားလုံးသော နေရာမှ သူငယ်ချင်းများရှိပါသည် … မကောင်းမှုကိုနေ့ စဉ် ကျူးလွန်သူများနှင့် တရားဟော ဆရာများ .. အားလုံးကိုချစ် ခင်ခွင့်လွတ်သော မျက်လုံးဖြင့် တပြေးညီ ကြည့်တတ် ပါသည် ..
အားလုံးကိုသူချစ်တတ်သည် .. အားလုံးကို အကောင်းမြင်သည် .. သူ့ တွင်ရှိသမျှ .. ပိုက်ဆံအစ ကိုယ်ပေါ်က အကျီပင်ဖြစ်စေ ချွတ်ပေးရန်သူ ၀င်မလေး .. သူ့ထံတွင် သူမပေးနိုင်သော အရာဟူပြီး မရှိ
တခါသော် . သူသိသော ကောင်မလေးတယောက် ..အကြောင်း ..စကားစပ် မိကြသည် .. ထိုသူငယ်ချင်းကဆိုသည် ..
“ ကောင်မလေး ဘ၀က အခြေမလှရှာဘူးဟယ် “ .. စကားကိုလှပစွာသုံးသွားလေသည်..
ထိုကောင်မလေးသည် ရှင်းရှင်းပြောသော် ကြေးစားမိန်းကလေးသာ ..
သူ့ အချစ်ရေးသည်ကံမကောင်းပါ ….. သူ့ တွင် ချစ်သူမိန်းကလေးသည် ချောသည် ..လှသည် ..ပညာလည်းပြည့်စုံသည် .. သို့ သော် .. လမ်းထိပ်တခုမှ
မုန့် ဟင်းရောင်းသော မိန်းကလေးအား ..စာနာစွာ
သနားမိသော အခါ .. သူ့ ချစ်သူသည် သူ့ အားပြစ်ခွာသွားလေသည် ..
သူ သည်မုန့် ဟင်းခါးသည် လေးအား ကြင်နာပါသည် ..
တနေ့ သော် ထိုမိန်းကလေးသည် ပန်းချီဆရာနှင့် အင်ဂျင်နီယာ ရွေးချယ်ရန် အခြေ ရောက်လာသော အခါ
ထိုမိန်းကလေးဧ။် မမြင်ကွယ်ရာသို့ ကာလ အတန်ကြာအောင် ရှောင်ပုန်းပေးလေသည် ..
‘ သူက ချို့ တဲ့ရှာတော့ ..သူ့ ဘ၀အတွက် အာမခံပေးနိုင်မယ့်သူ လိုရှာတယ်.. ငါ့ကိုတွေ့ နေရင် သူအားနာနေမှာ စိုးလို့ ” ဟု ပြောပါသည်..
သူ့ မျက်လုံးများ ကြေကွဲနေသလား … ခင်ပွန်းသည်ကောင်း ရရှာသော ချစ်သူအတွက် ၀မ်းသာနေသလား ကျမသိပါ ..

သူသည် အရက်ကို ခုံမင်စွာ သောက်သူဖြစ်သည် .. အဓိက တရားခံမှာ ..အားနာတတ်သော သူ့ စိတ်ဖြစ်သည် .
. တခုသော ခရီးတခုတွင် သင်းဘောစီးရင်း လူတယောက်က
မြွေဆေးလာ ရောင်းလေသည် ..ခရီးသွားအများကိုသူ့ ဘာသာအော်ဟစ် ရောင်းတာပါ .. ထိုသင်းဘောပေါ်တွင် ကျမတို့ သူငယ်ချင်းတစု ပါပါသည်.. သည်ခရီး သည်လမ်းတွင်
အဘယ်သို့ သော မြွေဆရာ အစစ် ရှိမှာတုန်း .
အားလုံးလဲ သိသည်.. သူလည်းသိတယ်...
သူ့ တွင် ပိုက်ဆံမပါသဖြင့် မြွေဆေးကို မ၀ယ်သော်လည်း အားနာလွန်းလို့ မျက်နှာလွဲထားလေသည် ..........' နင်ဝယ်ပါလား ဟေ ' လို့ လည်းကျမအားပြောသေးသည်..
ဘာဆိုင်လို့ တုန်း .. ကျမ သည်လောက် အားမနာနိုင် ..
သောင်ပြင်ပေါ် ခြေချတော့ ... သောင်ပြင်ပေါ်က ဂဏန်းကျင်း ပိစိလေးကို နင်းမိလျှင် အပေါက်ပိတ်သွားမှာလဲ အားနာပြန်သည် ..
အရက်လည်း အားနာမှုဖြင့် ဘယ်သူ ခေါ်ခေါ်လိုက်သောက်သည်.. လူမရွေး နေရာမရွေး ..ပုလင်းမရွေးပါဘူး ..
တခါတလေ အရက်ကို မစို့ မပို့ သောက်မိရင်ပြောသေးတယ်
" အရက်ကို နည်းနည်းသောက်မိတာ ..ကိုယ်မပါတဲ့ ပြဇာတ်ထဲ ..၀င်ထိုင်နေရသလိုပဲ .. ရောက်သလိုလို ..မရောက်သလိုလို နော " တဲ့
အောင်မယ်.. ရှိသေးတယ်..
" ညနေစောင်းလို့ မှ အရက်မသောက်မိရင်.. ကမ္ဘာကြီးက ကိုယ်မပါပဲ လည်နေသလိုပဲ ..ကိုယ်သောက်လိုက်မှ ကိုယ်ပါလည် သွားတာ " တဲ့

သူသည် .. personal ဘ၀တွင်မက အနှပညာ ကိုပါ fexible ဖြစ်သူ ..မည်သို့ သော ပန်းချီအမျိုးအစားကို မဆို စိတ်ထဲရှိလျှင်ဆွဲသူ
ထို့ကြောင့် သူသည် ပန်းချီသူ ငှေးဖြစ်သည် ..
သည်နေရာတော့ သူကံကောင်းသည် ..၀ယ်မည့်သူမရှား ......
သို့ သော် တကယ်လိုချင်သူ ကို အလကားပေးဖို့ လည်းဝန်မလေး
တကြိမ်က ပြင်သစ်ဇနီးမောင်နှံက ပန်းချီကား လိုချင်လွန်းသော်လည်း visa card သုံးမရလို့ ဝယ်မရဖြစ်နေတော့ တ၀က်ကျော်ကျော်ဈေးနဲ့ ရောင်းပေးလိုက်သည်..
ပြင်သစ်အဖွားကြီး ခမျာ မယုံရဲ ..မျက်လုံးပြာကြီးနှင့် မျက်ရည်တွေ ၀ိုင်းကာ ကျေးဇူးတင်လွန်းလို့ စကားတောင်မပြောနိုင် ..
ထိုထို ..ပိုက်ဆံကို ဘာလုပ်သည်ထင်သနည်း ...
ပန်းချီပစ္စည်း လိုတဲ့သူ ပန်းချီပစ္စည်း .. ပိုက်ဆံလို ပိုက်ဆံ လိုက်ဝေတာ ..
သူ ပြန်လို လျှင် . ဘယ်သူပေးမည်နည်း ...... ဒါလည်းတွေးပုံမပေါ် ..

သူတင်ပဲလား ..မဟုတ်..
သူ့ မိဘများသည် ..ချောမော လှပသော သမီးပျို ၂ယောက်ရှိသော အိမ်မှာ .. သားဖြစ်သူဧ။် သူငယ်ချင်းများကို တလကိုးတတင်း ထမင်းတင်ကျွေးရန် ၀န်မလေး .......
ခြံတံခါးသည် ဖွင့် လျှက် ..အိမ်တံခါးသည် ဖွင့်လျှက် ..ဧည့်ခန်းနှင့်တွဲလျှက် သူ ငယ်ချင်းဧ။်အခန်းသည် ဖွင့်လျက် ..
တခါတရံ ကျမလာပြီး လိုတာလေးတွေ လာယူသည့်တိုင်အောင် ဘယ်သူ မှမသိကြ .....
သူ့ မိဘများသည် ..... ငွေကြေးပြည့်စုံသော တိုင်းရင်းသား လူရိုးလူအေးကြီးများ ....
တမိသားစုလုံး ပညာ တတ်ကြသည်
အိမ်ကိုလာလည်လျှင် သူတို့ ဧည့် သည်.. ဘယ်အဆင့်အတန်းကလည်း မသိချင် ......
တဦးတည်းသော သားတော်မောင်သည် ...
"ကားကိုဘာလို့ မောင်းမလည်း .. ၂၀ (၂၀ခေတ်က ) ပေးရင်သူများမောင်းတာ စီးနိုင်တာပဲ" လို့ ပြောသူ .......
ကြက်များ ..ငှက်များ ... ငါးများ .....ခွေးများ .. ကိုမငြီးမညူ စောင့်ရှောက်တတ်သော မိသားစု ........
တခါတရံ ..
" သားရေ ..အမေနဲ့ အဖေ ပဲခူးကိုသွားလိုက်ဦးမယ် " ဆိုကာ ..
မြိတ်ရောက်သွား တတ်တာလဲ သူတို့ မိသားစုပဲ

သူ့ အိမ်သည် ဘုရားကျောင်းရှေ့ တွင် တည်ရှိသည် ... သူ့ ဖခင်သည် ဘုရားကျောင်းလူကြီး .......
သူသည်ဘုရားကျောင်းကို တနှစ်နေလို့ တခါမသွား ........
ကျမ မေးဘူးသည်.. ဘာလို့ တုန်း ? လို့ 
" အို ..ဘုရားကျောင်းမှာဟာ ... ဘုရားကို..လူတွေဝိုင်းပြီး နားပူ နားစာ လုပ်နေကြတာ... ငါ အားတယ်ဟာ ..
ငါတယောက် သက်သာလဲ သက်သာ ပါစေ ဆိုပြီး ငါမသွားတော့တာ "

သူ့ ဟာနဲ့ သူတော့ဟုတ်နေတာပဲ .......


-------------------------------------------------------

တိုက်တိုက်ဆိုင်ဆိုင်ပဲ ရန်ကုန်က သူငယ်ချင်း သတင်းရောက်လာပါတယ် ။အရိုက်ခံရလို့ တဲ့ ။ ..
ကျမလည်း စိတ်ပူပြီး ဘာဖြစ်တာလဲ ..ဘာလဲ မေးတော့ ..
ပန်းချီဆွဲဖို့ ဓာတ်ပုံရိုက်ရင်း အရက်ဆိုင် တဆိုင်ကို ရှေ့ ကဓာတ်ပုံရိုက်မိသတဲ့ … ။
အထဲက လူတယောက်က ထွက်လာပြီး ..
” မင်း ငါ့ ကိုသိသလား “ မေးတော့ ..
မသိပေမယ့် .. မသိဘူးပြောရမှာ အားနာလို့ 
“ သိပါတယ် “ပြောလိုက်တာ ..
ဟိုက ရိုက်သွားရောတဲ့ ….
မေးတဲ့ သူ က ‘၀ရမ်းပြေး’ ..ရဲ ကိုဓားနဲ့ ခုတ်ပြီး ထွက်ပြေးနေတာ …
ဓာတ်ပုံ လာရိုက်တာ တွေ့ တော့ .. သူ့ ကို သိလို့ ရဲ ကို သတင်းပေးဖို့ လား ..ဘာလား ထင်လို့  ထွက်မေး တာတဲ့ ……
ကံကောင်းလို့ ဓားနဲ့ ခုတ်မသွားတာ …



မလေးမေ




ဟိုတနေ့ ကသူငယ်ချင်းတယောက်က … သူ့ မိတ်ဆွေတယောက် အကြောင်းပြောရင်း “နင်က ဘလော့ဆက်မရေးတော့လို့ သူ့ ကိုမသိတာ” လို့ မှတ်မှတ်ထင်ထင် သူ့ စကားမှာ သုံးသွားလို့ 
ကျမတယောက် အတွေးကမ္ဘာမှာ ချာချာလည်ပြန်ရော ..
ဘလော့ဂါ ဆိုတာဘာကိုပြောသလဲ ရေရေရာရာကို ကျမမသိတာပါ ..
နောက်ပိုင်း မှာ တော့ ဘလော့ အသစ်အသစ်လေးတွေ တိုးပွားလာတာအများကြီးပဲ ..
ကျမက စာဖတ်ရတာ ၀ါသနာပါတဲ့စာဂျပိုးမို့ ဘလော့ဟေ့ ဆိုရင် ဖတ်တာပါပဲ ..
သတင်း.. နိုင်ငံရေး .. ဆောင်းပါးစသည်ဖြင့် သိပ်လဲမရွေးပါဘူး ..
ပုံမှန်ဖတ်နေကြ တွေလဲ favorites မှာ
Add ထားပြီးကွန်ပြူတာဖွင့်ပြီးတာနဲ့ ဝင်တာပဲ ..
ဝေေ၀ဆာဆာရေး ထားတဲ့ ဘလော့တွေမြင်လဲ သိပ်သဘောကျတယ် ..
ကျမဘာလို့ ဘလော့စရေးဖြစ်သလဲ ဆိုတာလေးနဲ့ ကျမဘလော့တွေပို့ စ့်အသစ် ချူချာရှားပါးရခြင်းကို
အတင်းဆက်စပ်ရဦးမယ်
ကျမစရေးဖြစ်တာက ဖိုရမ်တွေမှာ ကဗျာတိုလေးတွေ .. ၀တ္တုတိုလေးတွေ .. အဲဒါလေးတွေကိုညွန်းဖို့ 
အသိမိတ်ဆွေတွေကိုပြချင်ရင်လွယ်အောင် ဘယ်လိုလုပ်ရ မလဲဆိုပြီးကြံဖန်တော့ ဘလော့ဆိုတာနဲ့ 
သွားစပ်တာပဲ ..



ဘလော့ ကလေးကလည်း မသန်မစွမ်းပါ .. ကျမသူငယ်ချင်းကွန်ပြူတာသမားတွေရော ..ဘလော့သမားတွေရော ..မနေရ .. ကူပြီးပြင်ဆင်ပေးရပါတယ်
ကျမလုပ်ခဲ့တာ ရေးထားတာလေးတွေထည့်ရုံပါပဲ .. website တွေဘာတွေလည်းမရေးတတ်တာကိုး ..
အဲဒါနဲ့ .. ကျမစာလေးတွေ..ဖိုရမ်မှာလဲတင်.. ဘလော့မှာလဲတင်..
ဖိုရမ်သမားတွေလည်း ကျမစာတွေဖတ်ပြီးရင် ဘလော့လိပ်စာကိုသိပြီးဝင်ကြည့် ..စာအဟောင်းတွေဖတ်နဲ့ 
ဟန်တော့ တော်တော်ကျလို့ 
နောက်များကျတော့ .. ကျမ စာအရေးကျဲသွားတဲ့အခါ ကျမ ဘလော့လေးလဲခြောက်ကပ်သွားရော ..
တကယ်တမ်းကျတော့ .. ကျမဘလော့ကိုပုံမှန်စောင့်ဖတ်တဲ့သူမရှိလို့ လဲအပျင်းကြီးတာပေါ့နော် ..
သုမောင်ရဲ့ မိသားစုပုံပြင်တွေ ..သော်တာဆွေကျနော့ဘ၀ဇာတ်ကြောင်း စသည်ဖြင့် ..စာရေးဆရာတွေ
ရဲ့ ကိုယ်ပိုင်ပုံပြင် ခေါ်မလား ကိုယ့်အကြောင်းကိုယ်ရေးပြတဲ့ စာမျိုးကို သဘောပို ကျခဲ့တော့ ကျမကလည်း ကျမအကြောင်း..ကျမနဲ့ ဆက်စပ်သမျှ.. ရေးမိတာပါပဲ..

ကျမ ဘလော့မှာရေးထာတဲ့စာ .. ကျမရေးတဲ့ အတ်ဆေးလိုလို ၀တ္တုတိုလိုလို ..ဘာဂလိုလေးတွေပေါ့နော်..
အများစုဟာ ကျမဘ၀နဲ့ ရောနှောနေပါတယ်..ကိုယ့်အကြောင်းကို ကိုယ်ရေးပြတတ်တယ်လို့ အထင်မကြီးပါနဲ့ ..
သူများအကြောင်းဇာတ်လမ်းဆင်ပြီးလုံးလုံး ကိုမရေးတတ်လို့ ပါ ..
အဲဒီမှာတင် .. ကိုယ့်တံဆိပ်ကိုယ် ကပ်မိလျှက်နဲ့ ..ဘယ်သူ့ မှမသတ်မှတ်ပါပဲ ..အခြားစာ အမျိုးအစားမျိုး
ဘလော့မှာ မတင်ချင်တဲ့ရောဂါရပါလေရော ..
တကယ်တော့ ..ကျမဖိုရမ်တွေမှာ ..အချစ်အကြောင်းလဲရေးတာပဲ..စာအုပ်အကြောင်းလဲရေးတာပဲ ..
ဘလော့ပေါ်သာမရောက်တာပါ …
ကွယ်လွန်သူပန်းချီ ဆရာကြီး ဗဂျီအောင်စိုးက ပြောဘူးသတဲ့ … တလက်မ ပတ်လည် ဘောင်လေးတခုထဲမှာ .. ၀လုံးတွေအများကြီးရေးဖို့ ခတ်ပေမယ့် .. အစက် ကလေး ပေါင်းများစွာ ချနိုင်သတဲ့ ..
ဘ၀မှာ flexible ဖြစ်လေလေ .. ကိုယ့်အတွက် အရာပေါင်းများစွာချန်ထားနိုင်လေပါပဲ တဲ့…
ဟာသလေးနည်းနည်း … ကာတွန်းလေးနည်းနည်းနဲ့ ..ကျမခံစားမိသလောက် ..စိတ်ထဲရှိလောက် ချပြဖို့ 
ကျမကြိုးစားသော်လည်းပဲ …..အခုထိမအောင်မြင်သေးဘူး ..
ကျမ ပေးချင်တဲ့ message နောက်ကို ကျမကိုယ်တိုင် presentation အ၀န်းအ၀ိုင်းနဲ့ မပို့ နိုင်ပြန်ဘူး ..
ဒီနေ့ မထိ ကျမဖန်တီးချင်သမျှ ..မလုပ်နိုင်သေးဘူး .. ကျမလုပ်ချင်တဲ့ ကာတွန်းလေးတွေ .. ကျမအကြိုက်စာအုပ် တွေကို စာရိုက်ပြီးတင်မှာတွေ မလုပ်နိုင်သေးဘူး .ဖြစ်ကိုမလာသေးတာ ..
ဥပမာ .. ကျမသွားခဲူ့ခရီးမှာ .. ကျမပြောချင်တာက .. မမျှော်လင့်ပဲကျမကို ကူညီခဲ့တဲ့သူငယ်ချင်း
မိတ်ဆွေတွေ နဲ့ စက်ရုပ်ဆန်တဲ့ မြို့ ပတ်ဝန်းကျင်အကြောင်းပါ ..
အဲဒီကို ရောက်အောင်ကို မရေးနိုင်သေးလို့  အခုထိကို အဲဒီအကြောင်း ဘလော့ပေါ်မတင်နိုင်သေးပါဘူး ..
ဟုတ်ပါပြီ ..
နားမလည်သော်ငြားလဲ ကျမအားရုံများကို စွင့်ထားလျက်ရှိပါတယ်
ကျမ မပျော်သော်ငြား ပြုံးလျှက်ရှိပါတယ်
ကျမစာ မရေးဖြစ်ပေမယ့် ဘလော့များကို ဖတ်လျှက်ရှိပါတယ်